ဝမ်းနည်းကြောင်း သဝဏ်လွှာပါဘုရား
(31.10.2025)ရန်ကုန်မြို့ ၊ မဟာစည်သာသနာ့ရိပ်သာ သြဝါဒ နာယကဆရာတော်များနှင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ ဝမ်းနည်းကြောင်း သဝဏ်လွှာပါဘုရား
သက်တော်(၉၇)၊ သိက္ခာတော်(၇၇)ဝါရှိ မဟာစည်ဦးသျှောင်ဩဝါဒါစရိယဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒာဝရ သည် (၃ဝ-၁ဝ-၂ဝ၂၅) ကြာသပတေးနေ့ နံနက်(၆)နာရီ(၃၀)မိနစ် အချိန်တွင် ဘဝခန္ဓာ စုတိကမ္မဇ ရုပ် ချုပ်ငြိမ်းတော်မူသွားခြင်းသည် မြတ်ဗုဒ္ဓသာသနာအတွက်လည်းကောင်း၊ မဟာစည်သာသနာအတွက် လည်းကောင်း၊ မြန်မာ့သာသနာရေးအတွက်လည်းကောင်း အစားထိုးမရသည့် ကြီးစွာသော ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ရပါသည်ဘုရား။

သသို့အတွက်ကြောင့် မြတ်စွာဘုရားဟောကြားထားသော သုတ္တနိပါတ်ပါဠိတော်လာ
"ဒဟရာစ မဟန္တာစ၊ ယေဗာလာ ယေစပဏ္ဍိတာ ၊ သဗ္ဗေ မစ္စုဝသံယန္တိ၊ သဗ္ဗေ မစ္စု ပရာယဏာ။"
လူငယ် လူကြီးတို့သည်လည်းကောင်း၊ လူမိုက် လူလိမ္မာတို့သည်လည်းကောင်း၊ သတ္တဝါအားလုံးသည် သေမင်း အလိုသို့ လိုက်ကြရကုန်၏။ သတ္တဝါအားလုံး သေမင်းထံသို့သာ လဲလျောင်းရာရှိကြကုန်၏ဟုလည်းကောင်း။
"နဟိ သော ဥပက္ကမော အတ္ထိ၊ ယေနဇာတာ နမိယျရေ၊ ဇရမ္ပိ ပတွာ မရဏံ၊ ဧဝံ ဓမ္မောဟိ ပါဏိနော။"
မွေးဖွားပြီးသောသူတို့သည် မသေအောင် ကြိုးစားလို့မရ အိုခြင်းကို ရောက်သူ မရောက်သူ သေကြရ၏။ အားလုံး ဒီသဘောကို မလွန်ဆန်နိုင်ပါတကား၊ ဟု သံဝေဂ ပွားလိုက်ရပါသည်ဘုရား။
ဘုရားတပည့်တော်တို့၏ အနန္တကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး နှင့်အတူ လက်တွဲ သာသနာပြုတော်မူခဲ့သော ဆရာတော်ဘုရားကြီး စံလွန်သွား သည့်အတွက် များစွာသော ဆုံးရှုံးမှုကြီး ဖြစ်ရပါ၍ ဆရာတော်ဘုရားကြီးကဲ့သို့ ဒီခရီးလမ်းကို တစ်နေ့သွားရ မှာပါတကားဟု သံဝေဂပွားမိပါကြောင်း လျှောက်ထားလျှက် ဝမ်းနည်းကြောင်းစာသဝဏ်လွှာ ပေးပို့လိုက်ရပါ သည်ဘုရား🙏
ဩဝါဒ၊နာယက ဆရာတော်များနှင့်
ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် မဟာစည်သာသနာ့ရိပ်သာ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
မဟာစည်သာသနာ့ရိပ်သာကြီး နာယကအဖွဲ့
ဖုန်း - ၀၁၅၄၁၉၇၁
မဟာစည်သာသနာ့ရိပ်သာ အမှတ်-၁၆၊သာသနာ့ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။
MAHĀSI SĀSANA YEIKTHA
16, Sasana Yeiktha Road, Ba Han T.S, Yangon. (MYANMAR)
(Phone 545918, 541971.Pax No. 289960, 289961.)
Email-Mahasi-ygn@mptmail.net.mm,
Website-www.mahasi.org.mm.
Date 31 October 2025
၁၃၈၅၇- ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၁)ရက်။

